မိတ္ထီလာ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော် ပညာဓိတန်ဆောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ ပဋ္ဌမကျော်ဓမ္မာစရိယတိုက်သစ်ပဓာနနာယက နိုင်ငံတော်သံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရထံမှ ငါးသီလတရားတော်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ခံယူဆောက်တည်ကြသည်။ ထိုနောက် ပင့်သံဃာတော် (၂၅) ပါးတို့ ရွတ်ပွားသရဇ္ဈယ်သော ပရိတ်တရားတော်များကို နာယူပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းကြသည်။
ဆက်လက်၍ အသောကာရုံရေလည်ကျောင်းတိုက်ပဓနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက ဘဒ္ဒန္တလာဘာဝတထံမှ ရေစက်ချအနုမောဒနာတရားတော်များကို နာယူကြပြီး ပင့်သံဃာတော်များအား နေ့ဆွမ်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချမ်းသာ