မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(မန္တလေးတိုင်းဒေသကြီး) တိုင်း/ ခရိုင်/ မြို့နယ် အလုပ်အမှုဆောင်များက စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ

ချမ်းအေးသာစံ ဇူလိုင် ၂၃

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) တိုင်း/ခရိုင်/မြို့နယ် အလုပ်အမှုဆောင်များနှင့် အသင်းသား၊ အသင်းသူများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းအလှူတော်ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁လမ်း၊ ၇၇လမ်းရှိ ရွှေဘုံသာမြတ်စွာဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့  မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကောင်းတိူက်ဆရာတော် ဘဒ္ဒန္တ ဝိဓူရအမှူးပြုသော ပင့်သံဃာတော် (၁၁)ပါး ကြွရောက်တော်မူကြပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) နာယကကြီးများ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ၊ စိန်ခြယ်အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ရေးကုမ္ပဏီနှင့် သုဓမ္မအိမ်ခြံမြေအထွေထွေအကျိုးဆောင်ကုမ္ပဏီဥက္ကဋ္ဌ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးအောင်တိုးနှင့်အလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ်အသင်းများမှ ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ၊ အသင်းသား၊ အသင်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဆရာတော်သံဃာတော်များနှင့်ကြွရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ဂီတမှူးဦးအောင်ကြီးက ထူးမခြားနား သီချင်းဖြင့် ပူဇော်သည်။ ထို့နောက် ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဝိဓူရထံမှ ငါးပါးသီလဆောက်တည်ခံယူကြပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ဆောင်ရွက်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်များထံမှ မေတ္တာသုတ်နှင့်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး လှူဒါန်မှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်