ချမ်းအေးသာစံမြို့နယ် အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်း၌ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၂၃

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးကာ ချမ်းအေးသာစံမြို့နယ် အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

“ငလျင်ဘေးအန္တရာယ်များသည် ဘယ်အချိန်၊ ဘယ်အခါမှာ ကျရောက်လာမည်ဆိုတာ မသိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများပြုနိုင်ရေးနှင့် ငလျင်အန္တရာယ်နှင့်စပ်လျဥ်းကာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျောင်းသားလူငယ်များ သိရှိလိုက်နာစေရန်အတွက်” ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးမှ ပြောကြားခဲ့သည်။ ထို့နောက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်