ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား Unique Identity(UID)ကတ် ဆောင်ရွက်ပေး

ဟိုပုံး ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အငြိမ်းစားမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လူပုဂ္ဂိုလ် မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) Smart Card ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) မိဘပြည်သူများအား Biometric(UID)ကတ် ကွင်းဆင်းဆောင်ရွက်ပေးရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက Biometric (UID) Smart Card မပြုလုပ်ရသေးသော အငြိမ်းစားဝန်ထမ်း မိဘပြည်သူများအား ဆိုရှယ်မီဒီယာ Facebook Page တွင် ကြိုတင်အသိပေးကြေညာခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

UID (Unique Identity) Smart Card ပြုလုပ်ရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်ကတ်၊  မှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုဇယားမိတ္တူ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ Biometric(UID)ကတ် ကွင်းဆင်းဆောင်ရွက်သည့်နေရာသို့ မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်မန်နေဂျာ ဦးသိန်းထွန်းရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးကြည်လွင်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)