ကျိုင်းတုံ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် သဲနုန်းတူးဖော်ခြင်း၊ ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် နမ့်ချောင်းအနီးပတ်ဝန်းကျင်ရှိ ကျိုင်းတုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်၊ ကန်နားလုံရပ်၊ ကျိုင်းဖောင်း၊ တာလျှပ်၊ ကျန်ဆက်ကျေးရွာများနှင့် ချောင်းအနီးရှိ လယ်ယာမြေများ ရေကြီးရေလျှံနစ်မြုပ်မှုကာကွယ်ရေးနှင့် ချောင်းရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် နမ့်ခင်ချောင်း၊ ကျိုင်းဖောင်းရွာအနီးမှ ဝမ်နောင်ကျေးရွာအထိ အရှည်ပေ ၉၅၀၀ ပေ သဲနုန်းတူးဖော်၊ ပေါင်ဆင့်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၃ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင်ရန် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်းနှင့် တာဝန်ရှိသူများက ဇူလိုင် ၂၂ ရက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက် ထားရှိမှုများနှင့် လုပ်ငန်းဆိုင်ရာအချက်အလက်များအား ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လွင်နှင့် မြို့နယ်ဦးစီးအရာရှိ ဦးယဉ်ကြည်တို့က ရှင်းလင်းပြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)