နမ့်စန်မြို့ အ.ထ.က(မြို့မ)ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ

နမ့်စန်() ဇူလိုင် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဆင်း အမှာစကားပြောကြား၍ သင်တန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ဘင်ခရာသင်တန်းနည်းပြ ခေါင်းဆောင် ဦးအလက်ဇန္ဒားတို့က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့သည်။

ထို့နောက် ဘင်ခရာသင်တန်းသား၊ သင်တန်းသူများက ဂီတစွမ်းရည်များကို ဘာသာရပ်အလိုက် သီဆိုတီးမှုတ်ကပြခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါဘင်ခရာသင်တန်းကို ဇွန်လ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး အ.ထ.က (မြို့မ) မှ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)