စစ်တွေ ဇူလိုင် ၂၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး စိုက်စနစ်များ ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက စနစ်ကျလယ်ယာမြေအဖြစ် ဖော်ဆောင်ထားသော စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသူသား၊ ကျောင်းသူများ၊ ဒေသခံတောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ကွင်းပြပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အခမ်းအနားသည် မိုးစပါးစိုက်နည်းစနစ် (၃) မျိုး သရုပ်ပြစိုက်ပျိုးသည့် အခမ်းအနားဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် မိုးများသည့်ဒေသ ဖြစ်သည့်အတွက် မိုးစပါးသီးနှံကို အဓိကထားစိုက်ပျိုးသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် မိုးစပါး၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအရ ပြည်နယ်၏ ဒေသဝမ်းစာဖူလုံမှု ၁၁၈ ဒသမ ၆၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဒေသစားသုံးခြင်းထက် ပိုလျှံမှုများကို ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်အတွက် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များရရှိရေးလုပ်ငန်းသည်လည်း ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စစ်တွေမြို့နယ်တွင် စိုက်ပျိုးသော ဧကများအပေါ် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးလုပ်ငန်းများကို မျိုး၊ မြေ၊ ရေ၊ နည်း စိုက်ပျိုးရေးနည်း စနစ်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် တင်း(၁၀၀)နှင့် အထက် ထွက်ရှိရန်ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များသုံးစွဲခြင်း၊ စိုက်စနစ်မှန်ကန်ပြီး တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင် စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ စိုပျိုးပြီးအပင်များ ရှင်သန်ကြီးထွားရေးအတွက်လည်း အပင်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်း အနားတွင် မိုးစပါးကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကြိုးတန်းဖြင့်အတန်းလိုက်စိုက်ပျိုးခြင်း၊ နည်းစနစ်များကို တောင်သူ များ လက်တွေ့လေ့လာနိုင်စေရန် ပညာပေးပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူ များအနေနဖြင့် စိုက်ပျိုးနည်းစနစ်များအလိုက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လိုက်နာရမည့် အချက်များ၊ ရှောင်ရန်အချက်များ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို လေ့လာပြီး မိမိတို့ စိုက်ပျိုးမည့် လယ်မြေများနှင့် ကိုက်ညီသည့် အကျိုးရှိနိုင်မည့် လုပ်ငန်းများကို ရွေးချယ်၍ လိုက်နာကျင့်သုံးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အထွက်နှုန်းတိုးစေမည့် စိုက်ပျိုးနည်းပညာများကို တောင်သူများလိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိတို့စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး ဝင်ငွေတိုးတက် ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကောက်စိုက်လုံမေများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး ကွင်းပြပွဲသို့ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကောက်စိုက်လုံမေများက ကြိုးတန်းဖြင့် အတန်းလိုက် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကြိုးတန်းဖြင့် စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းကောင်းမွန်စွာ ရရှိနိုင်မည့်အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ စစ်တွေမြို့၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာမနှင့်ကျောင်းသူများက တစ်ဧက ကောက်ကွက် ဝင်ဆံ့မှုတိုင်းတာခြင်း လက်တွေ့ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးကြရာ စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က စပါးစိုက်နည်းစနစ် အလိုက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြည်ရမည့် အချက်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုး နေမှုအား ကြည့်ရှုအားပေးကြပြီး မိမိတို့မြို့နယ်အတွင်း မျိုးစေ့ချကိရိယာများ ပြုလုပ်ကာ တောင်သူများ အသုံးပြုနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ကြိုးတန်းဖြင့်စိုက်ပျိုး ထားသော စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပးခဲ့ကြကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)