မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့် (၁) သင်တန်းဖွင့်လှစ်

မုဒုံ ဇူလိုင် ၂၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ  စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်က ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစေးခြစ်နည်းပညာကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် မိမိတို့စိုက်ကွက်များ၌ အသုံးချနိုင်သကဲ့သို့ ရော်ဘာစိုက်တောင်သူများထံ နည်းပညာများ ပြန်လည်ပို့ချပေးနိုင်ကြောင်း၊ ကျွမ်းကျင်သည့် အစေးခြစ်လုပ်သားများ ပေါ်ထွက်လာစေ၍ ရော်ဘာစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရန် အခြေခံခြင်းဖြစ်ကြောင်းနှင့် သင်တန်းကိုကြိုးစား၍ သင်ယူကြစေလိုကြောင်း အမှာစကားပြောကြားသည်။    ထို့နောက် ရော်ဘာပညာရှင်နှင့် တာဝန်ရှိသူများက ရော်ဘာကျွမ်းကျင်မှု စံချိန်စံညွှန်းများ၊ စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာများက ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ တနင်္သာရီ၊ မွန်၊ ကရင်တို့နှင့် ရော်ဘာခြံရှင်များ သင်တန်းသား/သူ (၃၀)ဦးအား (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအမှတ်စဉ်(၁၅)အထိ သင်တန်းသား/သူ စုစုပေါင်း (၄၈၀)ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)