မိုးနဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ယူသည့်ဘဏ်၌ (UID)ကတ်များ ပြုလုပ်ပေး

မိုးနဲ ဇူလိုင် ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ထုတ်ပေးသည့်  မိုးနဲမြန်မာ့စီးပွားရေးဘဏ်တွင် (UID)စက်ဖြင့် UID(smart)ကတ်များကို ယခုလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကထုတ်ပေးသော အငြိမ်းစားများ၏ UID နံပါတ်များကိုရယူ၍ အချက်အလက်များအား မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension Program တွင် ထည့်သွင်းနိုင်မည်ဖြစ်သည့်အတွက် (UID)နံပါတ်ရရှိခြင်းမရှိသေးသူများကိုလည်း ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်ထုတ်ယူသူ ၃၇၅ ဦးအနက် ၁၇၀ ဦးကို Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ပြုလုပ်ကာ (UID) နံပါတ်များထုတ်ပေး‌ပြီးဖြစ်ကြောင်းနှင့် (UID)နံပါတ်ရရှိခြင်း မရှိသေးသူများအတွက်လည်း ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်က ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ(မိုးနဲ)