မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မက်မန်း ဇူလိုင် ၂၃

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် လူနေမှုဘဝ တိုးတတ်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်ရည်ရွယ်၍ စာရေးဆရာ သတိုးနွယ်၏ “အရှုံးကို မကြောက်နဲ့နှင့် စိတ်ခွန်အားဖြည့်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်စန်းမြင့်က စာဖတ်ဝိုင်းများကျင်းပပေးခြင်းဖြင့် စာဖတ်သူအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။  

ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် မအမ်ပွင့်က စာရေးဆရာ သတိုးနွယ်၏ အရှုံးကို မကြောက်နဲ့နှင့် စိတ်ခွန်အားဖြည့်စာစုများ”  စာအုပ်မှ အရှုံးဆိုတာ ဘာကိုခေါ်တာလဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မနန်းစံခမ်းက ကြိုးစားပါ၊ ပြန်ထပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအီနွန်းက ဖြစ်နိုင်ချေများကို ကြိုတင်မှန်းဆထားပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအီပွင့်က ကံကိုယုံ၍ ဆူးပုံနင်းခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မနန်းဆိုင်ဘုံက ဝေဖန်ပါ၊ အပြစ်တင်ပါ၊ ဝိုင်းကူပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအပြန် အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)