ကျောက်ဆည်မြို့၌ နားနှင့်အကြားအာရုံ အခြေခံစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်

ကျောက်ဆည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက နားနှင့်အကြားအာရုံ အခြေခံစောင့်ရှောက်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူးဒေါက်တာရဲဝင်းနိုင်က နားလေးခြင်းနှင့်ပတ်သက်၍ ကြုံတွေ့လာနိုင်သည့် အခက်အခဲများအား ကြိုတင်သိရှိနိုင်ရန်အတွက်  သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်ကြားပေးသည့် အကြောင်းအရာများကို မှတ်သားနာယူပြီး မိမိအတွက်အကျိုးရှိအောင် အသုံးချသွားစေရန် ပြောကြားခဲ့ပြီး နားလေးရောဂါစီမံချက် မန်နေဂျာ၊ တောင်ကြီးဆေးတက္ကသိုလ် နား၊ နှာခေါင်း၊ လည်ချောင်းဌာနမှ ပါမောက္ခဒေါက်တာဝင်းထိုက်ကြည်က နားတည်ဆောက်ပုံနှင့် နားမှအသံကြားရပုံ၊ ကလေးငယ်များတွင် နားအကြားအာရုံဖွံ့ဖြိုးခြင်းနှင့် စကားပြောတတ်လာခြင်း၊ ကလေးနားလေးရောဂါ၊ နာတာရှည်နားပြည်ယိုရောဂါ၊ နားအာရုံကြောအားနည်းနားလေးရောဂါအကြောင်းများ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းသို့ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမင်းထက်စိုး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေးမှူး (၁)၊ကျန်းမာရေးမှူး (၂)၊ အမျိုးသမီးကျန်းမာရေး ဆရာမ၊ သားဖွားဆရာမ၊ ကျန်းမာရေးမှူး (၄) များ တက်ရောက်ခဲကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)