မိတ္ထီလာ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းကန်ပေါင် မိတ္ထီလာမြောက်ကန်နှင့် မိတ္ထီလာ-မြင်းခြံ ကားလမ်းမအနီး အရိပ်ရပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့ကုန်သည်ပွဲစားစက်ပိုင်ကထိန်တော်အသင်း နှင့် ဒေသခံပြည်သူများက ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။
အဆိုပါ စုပေါင်းစိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးထက်ဇော်နှင့်ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့ ကုန်သည်ပွဲစားစက်ပိုင်ကထိန်တော်အသင်းမှတာဝန်ရှိသူများ၊ ဝန်ဇင်းရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ဈေးအရှေ့ပြင်ရပ်တို့မှ ဒေသခံပြည်သူများက အရိပ်ရပန်းအလှပင်များဖြစ်သည့် သပြေဘူတ ၅၆ ပင် နှင့် ငုစပ် ၁၅ ပင်(အရွယ်ရောက်ပြီး အပင်ကြီး)တို့ကို စုပေါင်းစိုက်ပျိုးခဲ့သည်။ စုပေါင်းစိုက်ပျိုးပွဲအပြီးတွင် အဆိုပါလမ်းဘေးဝဲယာတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အရိပ်ရပန်းအလှများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ချမ်းသာ