တန့်ယန်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၃) ကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ၏ ဖွဲ့စည်းတည်ဆောက်ထားမှု၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းများကို စာတွေ့လက်တွေ့ ရှင်းလင်းပို့ချကြောင်းနှင့် သင်တန်းအား သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်၍ အမှတ်စဉ် (၈) အထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)