မြစ်ကြီးနား ဇူလိုင် ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှဒေါင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပရာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထက်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြစ်ကြီးနားခရိုင်ရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော ဝိုင်းမော်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာ ဇေယျာညီညီက “လေဆန်ကိုလှော်မည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က “အနာဂတ်အတွက်စာဖတ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြရာ ကျောင်းသား/သူများက သိရှိလို သည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါကျောင်းအတွက် ငွေကျပ်တန်ဖိုး (၃) သိန်းရှိ သုတရသစာအုပ်စာစောင်များနှင့် ငွေကျပ်တန်ဖိုး (၂) သိန်းရှိ အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)