အ.ထ.က(မိုင်းကိုင်)၌ ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းကိုင် ဇူလိုင် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းခံရမှုများမရှိစေရေး ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအကြောင်း အသိပညာပေးဟောပြောပွဲ ယမန်နေ့ မွန်းလွှဲပိုင်းက အ.ထ.က(မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်ပုံစံများ၊ ဆိုရှယ်မီဒီယာမှ သတင်းအချက်အလက်များအား အမှန်အမှားခွဲခြားသိမြင်နိုင်ခြင်း၊ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များမှတစ်ဆင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုပြဿနာများအကြောင်း အသိပညာပေးဆွေးနွေးပြီးနောက် ငွေကြေးလိမ်ဆိုင်ရာလိမ်လည်မှုဖြစ်စဉ်အကြောင်းအရာ ဗီဒီယိုကလစ်နှစ်ခုကို ဖွင့်လှစ်ပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက  မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ အ.ထ.က(မိုင်းကိုင်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)