မိုင်းရှူး ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်နန်းဝိုခမ်းက (MEVM) မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက (MEVM) မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အဆိုပါ (MEVM) မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများ၊ ဆရာ၊ ဆရာမများ သင်တန်းသား/သင်တန်းသူ (၃၂၂) ဦးဖြင့် အသုတ် (၆) သုတ်ခွဲ၍ ဇူလိုင်လ (၂၃) ရက်မှ ဩဂုတ်လ (၅) ရက်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)