မူဆယ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပထမဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြပါသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမိုးဝင်းက အမှာစကားပြောကြားရာတွင် ဒီမိုကရေစီနိုင်ငံကြီးသား နိုင်ငံ့သားကောင်း သမီးကောင်းများ၊ အများအကျိုး ဆောင်ရွက်လိုသည့် လူငယ်မောင်မယ်များနှင့် ဘက်စုံပညာရည် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရေးကို ရည်မှန်းလျက် ကျောင်းကောင်စီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် ကျောင်းကောင်စီဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက် (၄) ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဆရာ ဦးသောင်းထွန်းဌေးက ကျောင်းကောင်စီ အမှုဆောင်အဖွဲ့၏ အမည်များအား ဖတ်ကြားခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူအားလုံးက ကတိသစ္စာခံယူကြပါသည်။ ပြီးနောက် တာဝန်အထိမ်းအမှတ် အလံများအား ကျောင်းအုပ်ဆရာမကြီးက ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက လက်ခံရယူခဲ့ကြကြောင်းနှင့် ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)