မူဆယ်မြို့တွင် အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံး အရောင်များ သတ်မှတ်ခြင်း အသိပညာပေးသရုပ်ပြ

မူဆယ် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဈေးဆိုင်များက ထွက်ရှိသည့် အမှိုက်များအား အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံး အရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေး သရုပ်ပြခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မူဆယ်မြို့၊ အမှတ် (၁) ဈေးနှင့် အမှတ် (၂) ဈေးများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့အတွင်းရှိ ဈေးကော်မတီများ၊ ဈေးသူ/ဈေးသားများအနေဖြင့် မိမိတို့ဈေးဆိုင်များမှ ထွက်ရှိလာသော အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် အမှိုက်စိုများဖြစ်သည့် မီးဖိုချောင်ထွက် စားသောက်ကုန်စွန့်ပစ်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ဘုရားပန်းများ၊ အလှပန်းများ၊ ထမင်းကျန်ဟင်းကျန်များ၊ စားကြွင်းစားကျန်များ၊ အသားငါးများ၊ ဈေးနှင့် စားသောက်ဆိုင်များမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား အစိမ်းရောင် အမှိုက်ပုံးတွင် လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သည့် ကတ္ထူ၊ စက္ကူ၊ သတင်းစာ၊ ဂျာနယ်၊ အဟောင်းများ၊ ဗီနိုင်းစ၊ ပီနံအိတ်ခွံများ၊  အဝတ်အထည်၊ ပိတ်စများ၊ ဖိနပ်ဟောင်းများ၊ ကြွေထည်၊ ဖန်ထည်၊ မှန်ထည်၊ အိုးခွက်ပန်းကန်အပျက်အစီးများ၊ ကလေးကစားစရာအဟောင်းများ၊ သစ်သားထည်၊ ပရိဘောဂအပျက်အစီးများ၊ သံ၊ သွပ်၊ ကြေး၊ အလူမီနီယံစသည့်သတ္ထုပစ္စည်းများအား စွန့်ပစ်ရန် အဝါရောင် အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သည့် တစ်ခါသုံး ကြွပ်ကြွပ်အိတ်များ၊ ပလတ်စတစ်အိတ်များ၊ မုန့်ထုပ်ပိုးပလတ်စတစ်များ၊ ဖော့ဘူးများ၊ တစ်ခါသုံး အချိုရည်ပိုက်များ၊ ရေသန့်ဘူးခွံများ၊ တစ်ခါသုံးသွားတိုက်ဆေး၊ သွားတိုက်တံများ၊ တစ်ခါသုံး ပါဆယ်ဘူးခွံများ၊ ကော်ဖီအိတ်ခွံများစသည့် ပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ ဘေးအန္တရာယ်ရှိ အမှိုက်များဖြစ်သည့် ဝါယာကြိုးအပိုင်းအစများ၊ မီးသီး၊ မီးချောင်း အဟောင်းများ၊ Eleftronic ပစ္စည်းအဟောင်းများ၊ ဓာတ်ခဲဘက်ထရီအဟောင်းများ၊ လျှပ်စစ် ထမင်းအိုး၊ ဟင်းအိုး၊ ရေနွေးအိုး၊ ရေခဲသေတ္တာအဟောင်းများ၊ အိမ်သုံးဆေးဘူး၊ ဆေးပုလင်းအခွံများ၊ မှုတ်ဆေးဘူး၊ မီးသတ်ဆေးဘူးခွံများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဘူးခွံများ၊ အက်ဆစ်၊ အင်ဂျင်ဝိုင်၊ ဓာတ်ဆီဘူးခွံများစသည့် ပစ္စည်းများအား အနီရောင် အမှိုက်ပုံးတွင်လည်းကောင်း စွန့်ပစ်ကြရန် သတ်မှတ်ထားပြီးဖြစ်ကြောင်းကို သိရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးသရုပ်ပြပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးမောင်မောင်ဦးက အသိပညာပေးရှင်းလင်းခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဈေးတာဝန်ခံများ၊ ဌာနမှဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)