ကျောက်ဆည် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်းကုန်ကျစရိတ်သက်သာစွာဖြင့်သယ်ယူနိုင်ပြီးစေရန်အတွက် လမ်းတံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာ ချင်းဆက်လမ်းအား ကျောက်ရောမြေလမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံ ငွေကျပ် ၈၇ ဒသမ ၂၃ ကျပ်သန်းဖြင့် လမ်းအရှည်တစ်မိုင်(၆)ဖာလုံ၊ ဒုရှစ်လက်မနှင့်အကျယ်(၁၆)ပေ ကျောက်ရောမြေခင်းပေးခြင်းလုပ်ငန်းများကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၅-၂၀၂၆ ယဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်အတွင်း၌ လမ်းလုပ်ငန်း ၁၆ခုနှင့် တံတားလုပ်ငန်းသုံးခု စုစုပေါင်း ၁၉ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မှ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိလူဦးရေ ၉၀ရာခိုင်နှုန်း ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)