တောင်ကြီးတက္ကသိုလ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းဆောင်ရွက်

တောင်ကြီး ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်နေမျိုးက အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား/ကျောင်းသူများမှ အများပြည်သူနှင့်သက်ဆိုင်သည့်လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဗဟုသုတများကိုလေ့လာမှတ်သားပြီး အများပြည်သူသိရှိအောင် ပြန်လည်မျှဝေပေးရန် ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလမင်းသန်းက  ပတ်ဝန်းကျင်ညစ်ညမ်းမှုအား ကာကွယ်ပြီး သယံဇာတ အရင်းအမြစ်များအား ထိထိရောက်ရောက်အသုံးချနိုင်ရန်၊ အန္တရာယ်ကင်းသော စွန့်ပစ်မှုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သော အရာများအား ခွဲထုတ်နိုင်ခြင်း၊ သဘာဝအရင်းအမြစ်များအား ထိထိရောက်ရောက် အသုံးချနိုင်ခြင်း၊ စွန့်ပစ်ပမာဏလျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုအား လျော့ကျစေနိုင်ခြင်း၊ ကျန်းမာရေးအန္တရာယ် အားလျှော့ချပေးခြင်း၊ အမှိုက်စိုများမှ သဘာဝမြေဆွေးပြုလုပ်နိုင်ခြင်း၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား အခြားအသုံးဝင်သော ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင် ထုတ်လုပ်သုံးစွဲခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက စွန့်ပစ်အမှိုက်ခွဲခြား စွန့်ပစ်မှုနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက အမှိုက် အမျိုးအစား အလိုက်စွန်ပစ်ရမည့် အမျိုးအစားလေးမျိုးအား သရုပ်ပြသခဲ့ရာ တောင်ကြီးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သရုပ်ပြပွဲ အခမ်းအနားသို့ တောင်ကြီးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ တောင်ကြီးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)