တောင်ကြီးမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး ဇူလိုင် ၂၃

တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁)ရပ်ကွက်၊ ဓမ္မဝိမုတ္တိဓမ္မာရုံ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှူလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြှင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိလုပ်ငန်းရှင်ပေါင်း (၃၂၀) ဦး မွေးထုတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဝင်ငွေတိုးစီမံကိန်း (၃၂)ရွာ ဆက်လက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် (၃၈၄) သန်းအနက်မှ ကျပ် (၁၆၀)သန်းအား စီမံကိန်းဒေသများမှ တောင်းဆိုသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ရှိသည့် ကျပ် (၂၂၄) သန်းကို လုပ်ငန်းထူထောင်မည့် သင်တန်းသားများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အသေးစားလုပ်ငန်းရှင်ပေါင်း (၁၆၀)ဦး ပေါ်ထွက်လာနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထွက်ကုန်ချောပစ္စည်းများပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူသည်။ ၎င်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းများအား တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့တွင် (၁.၆.၂၀၂၅) ရက်နေ့မှ (၃၀.၆.၂၀၂၅) ရက်နေ့အထိ ပထမအကြိမ် အခြေခံသင်တန်းအဖြစ်လည်းကောင်း၊ (၈.၇.၂၀၂၅) ရက်နေ့မှ (၂၂.၇.၂၀၂၅) ရက်နေ့အထိ ဒုတိယအကြိမ် မွမ်းမံသင်တန်းအဖြစ်လည်းကောင်း သင်တန်းသူ (၂၃)ဦးစီဖြင့် စာတွေ့ (၃၀%)၊ လက်တွေ့ (၇၀%)ဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)