တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

တာချီလိတ် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အေးမင်းအောင်၊ ရဲအုပ် နိုင်လင်းထွန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မေစန်း၊ ဆရာ/ဆရာမများ၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၁၀၄ ဦးကျော်တို့အား ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်မပိုရန်၊ ဆိုင်ကယ်ဦးထုပ်များ ဆောင်းရန်၊ ဆူညံအိတ်ဇောတပ်၍ မောင်းနှင်ခြင်းမပြုလုပ်ရန်၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရန်နှင့် တာချီလိတ်မြို့၌ ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှုဖြစ်စဉ် CCTV မှတ်တမ်းမျာအား Power Point ဖြင့် အသိပညာပေး ပြသသည်။  

ထို့နောက် အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)