တာချီလိတ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 1G1 Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဂျူးလ်ဝပ်ဂျ် နရင်းထရန်းကူးလ်န အယွတ္ထယားနှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့ ဦးဆောင်သည့် နှစ်နိုင်ငံကိုယ်စားလှယ်များက မြန်မာ-ထိုင်း ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းနှင့်စပ်လျဉ်း၍ ယခင်နှစ် အစည်းအဝေး ရလာဒ်များအား ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ ကူးစက်ရောဂါအခြေအနေ စောင့်ကြည့်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ ထိုင်းဘက်မှ မြန်မာကျန်းမာရေးဝန်ကြီးဌာနနှင့် ပြီးခဲ့သည့်ငလျင်လှုပ်ခတ်ခြင်းနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းမှုနှင့် ထောက်ပံ့မှုနည်းလမ်း ဆိုင်ရာများ၊ ချင်းရိုင်းခရိုင် ပြည်သူ့ဆေးရုံနှင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံအကြား မိတ်ဖက် ဆေးရုံအဖြစ် ကျန်းမာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုအနေအထားဆိုင်ရာ အခြေအနေများကို အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဂျူးလ်ဝပ်ဂျ် နရင်းထရန်းကူးလ်န အယွတ္ထယားနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ကျိုင်းတုံ၊ တာချီလိတ်၊ ချင်းရိုင်း၊ မယ်ဆိုင် ပြည်သူ့ဆေးရုံများမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်း ၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)