တိုက်ကြီးမြို့နယ်တွင် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တိုက်ကြီး ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနကကြီးမှူး၍ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးသန့်ဇင်က ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တည်ဆဲအခွန်ဥပဒေနှင့်ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ရွှေဆိုင်၊ ဖုန်းဆိုင်နှင့် စားသောက်ဆိုင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့် အခွန်ထမ်းပြည်သူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခွန်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)