ဒဂုံ(ဆိပ်ကမ်း) ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့်ပက်သက်၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈၉)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကောင်း၊ အမှတ်(၉၀)ရပ်ကွက်ရှိ ဆိပ်ကမ်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ အမှတ်(၁၆၈)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက် တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းတို့တွင်လည်းကောင်း၊ အမှတ် (၈၇)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်ရီရီသိန်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းများ၊ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားပါက ခံစားရနိုင်သောရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါသည် ကြိုတင်ကာကွယ်နိုင်သောရောဂါဖြစ်သောကြောင့် နေ့လယ်နေ့ခင်းများတွင် ခြင်ကျားကိုက်မခံရအောင်ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်စက်ခြင်းတို့ဖြင့် ကာကွယ်တားဆီးနိုင်သလို သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေး ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းပေး ဆောင်ပုဒ်နှင့်အညီ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြုပ်၊ ရှင်း၊ မှုတ်လုပ်ငန်းများအား ကျောင်းသား/သူများသိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပိုးလောက်လမ်းသေဆေး(အဘိတ်)ဆေးခတ်နည်းအား အသိပညာပေးပြောကြားခဲ့ပြီး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများအား အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရက်သတ္တပတ်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)