တံတားဦး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး အမှတ်(၃)ရပ်ကွက် မကျီးတောအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါ ကျောင်းတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် အ.မ.က၊ မကျီးတော တာဝန်ခံကျောင်းအုပ်ဆရာမကြီးက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဗဟုသုတတိုးပွား ရရှိစေရေးအတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိရေးတို့ကို အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြများ၊ ပုံပြင်များ၊ ကာတွန်းစာစောင်များ စသည့် ကလေးစာပေများကို ဖတ်ရှုစေခဲ့ကြောင်း သိရသည်။
ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျေင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)