စစ်တွေ ဇူလိုင် ၂၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် MV-ALLIANCE (002)သင်္ဘော၊ အမ်ဗွီတော်ဝင်သီရိသင်္ဘော၊ အမ်ဗွီတော်ဝင် ရတနာသင်္ဘော၊ အမ်ဗွီရဲထွန်းအောင်(၃)သင်္ဘောနှင့် အမ်ဗွီအောင်ရတနာ(၁)သင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှတည်ဆောက်ရေးသုံးပစ္စည်းများ၊ ဆန်နှင့်အခြေခံစားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တာဝန်ရှိသူများ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ကော်မတီ၏ စီစဉ်ပေးမှုဖြင့်MV-ALLIANCE (002) သင်္ဘောဖြင့် စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ(၂)IDP ပြန်လည်တည်ဆောက်ရေး အတွက် တည်ဆောက်ရေးလုပ်ငန်း သုံးပစ္စည်းများအား လူအင်အားစက် ယန္တရားအင်အားအသုံးပြုကာ ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပစ္စည်းများအားစနစ် တကျအတင်အချပြုလုပ် နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင် ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီတော်ဝင်သီရိသင်္ဘော၊ အမ်ဗွီတော်ဝင် ရတနာသင်္ဘော၊ အမ်ဗွီရဲထွန်းအောင်(၃)သင်္ဘောနှင့် အမ်ဗွီအောင်ရတနာ(၁)သင်္ဘောပေါ်မှ ဆန်နှင့် အခြေခံ စားသောက်ကုန်များကို ကုန်တင်ကုန်ချ ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဈေးကွက် အတွင်းအမြန်ဆုံးဖြန့်ဖြူး ရောင်းချရေးနှင့် လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေး တာဝန်ရှိသူများအားမှာကြားခဲ့သည်။
စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော MV-ALLIANCE (002) သင်္ဘောတွင် တည်ဆောက် လုပ်ငန်းသုံး ပစ္စည်း ၁၃၅၉ ဒသမ ၀၁ တန်၊ အမ်ဗွီတော်ဝင်သီရိ သင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ၄၀၄ ဒသမ ၂ တန်၊ အမ်ဗွီတော်ဝင်ရတနာ သင်္ဘောတွင် ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ ၁၂၇၁ တန်၊ အမ်ဗွီရဲထွန်းအောင်(၃) သင်္ဘောတွင် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ ၁၁၁၄ ဒသမ ၃ တန်၊ အမ်ဗွီ အောင်ရတနာ(၁)သင်္ဘောတွင် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ ၅၄၅ တန်တို့ တင်ဆောင်ပြီး စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများအားကုန်တင်ကုန်ချ ပြုလုပ်ရာ၌ ယာယီတိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်သူများဝင်ရောက်အလုပ်လုပ်ကိုင်နေမှုကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဆက်လက်၍ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တာဝန် ရှိသူများအားမှာကြားခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး