ပူတာအို ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာပေမှပေးသော အသိပညာဗဟုသုတများ ရရှိလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် အ.ထ.က(ပူတာအို)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀)ဦးတို့က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်မှ “ပညာတတ်ဖို့ စာဖတ်ရမည်”ဆောင်းပါးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကွမ်းစားခြင်း၏ဆိုးကျိုးများနှင့် ဖြစ်ပွားနိုင်သော ရောဂါများအကြောင်း အသိပညာပေး နံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ Youth Club အသင်းစာဖတ်ဝိုင်းဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ် ယောက် အမွေပေးသူတစ်ရာ”စာအုပ်မှ “ပညာတတ်ဖို့ စာဖတ်ရမည်” ၊ “ဂုဏ်ယူစရာ ကြိုးစားစရာ”၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စသည့်ဆောင်းပါးများဖြင့် ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာသည့် Youth Club အသင်းအဖွဲ့ဝင်များက ဆွေးနွေးချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)