ပုံပါကျင်မြို့၌ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းနှင့် သရုပ်ပြသခြင်းများ ဆောင်ရွက်

ပုံပါကျင် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးလက်ကမ်းစာ‌စောင်ဖြန့်‌ဝေခြင်းနှင့် သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုံပါကျင်မြို့ စည်ပင်သာယာ‌ရေးဌာန၊ မြို့နယ်ခွဲတာ၀န်ခံဦး‌ဇော်ထက်မှ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုဖြစ်ပေါ်လာစေရန်နှင့် လူမှုပတ်ဝန်းကျင်၏ ညစ်ညမ်းမှုအခြေအနေမှ လျော့ကျစေရန် ရည်ရွယ်ပြီး အသိပညာပေးသရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပုံပါကျင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် ဝန်ထမ်းများမှ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းအား ပါဝင်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

ပုံပါကျင်မြို့ စည်ပင်သာယာရေးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် စသည့်အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)