ကျောက်ဆည်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများကို လစဉ်ပုံမှန်ထုတ်ပေး

ကျောက်ဆည် ဇူလိုင်  ၂၂

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၅:၁၅)နာရီမှစတင်ကာ ပင်စင်လစာများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်(ကျောက်ဆည်) ပင်စင်ဌာနမှ မန်နေဂျာနှင့် ဝန်ထမ်း(၄)ဦးကကြီးကြပ်၍  အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများ အနေဖြင့်၎င်း၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့်  ကိုယ်စားလာရောက် ထုတ်ယူနိုင်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင် လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ (၃၇၉၆) ဦးရှိကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်(ကျောက်ဆည်)နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ပူးပေါင်းကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်ကူလျှင်မြန်စေရေးအတွက် UID ကတ်များရရှိအောင်  ဆောင်ရွက်လျက်ရှိပြီး အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအခက်အခဲများကြောင့် UIDကတ် မရရှိသေးသူများအား အိမ်တိုင်ရာရောက် ကွင်းဆင်းပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

စုစုအေး(ကျောက်ဆည်)