ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ပျော်ဘွယ် ဇူလိုင် ၂၂

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်မိုးယံ ရေးသားသည့် “လူငယ်နှင့်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်ပါ အကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် လူငယ်များအတွက် အခန်းကဏ္ဍများ ခွဲခြား၍ လုပ်ဆောင်တတ်စေရန် လမ်းညွှန်ထားပါကြောင်း၊ ယနေ့ခတ်လူငယ်များအနေဖြင့် ပရဟိတစိတ် မွေးမြူတတ်စေရေး၊ မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ်ရှိလာစေရေး၊ စာပေမြတ်နိုးတတ်စေရေး၊ အောင်မြင်မှုဆီသို့ ရောက်ရှိနိုင်ရေး စသည့် အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)