မုဒုံ ဇူလိုင် ၂၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာမူလတန်းကျောင်း(ဘိုတဲ)၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က အမှာစကားပြောကြားပြီး မုဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့်စာအုပ်၊ စာစောင်များကိုလေ့လာဖတ်ရှုကြရန်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာအုပ်၊ စာစောင်များ၊ အသိပညာပေးနံရံကပ်ပိုစတာများကို ပြသဆောင်ရွက်ပေးခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများကို ပြုလုပ်ပေးရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)