တံတား ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား ငလျင်မလှုပ်မီ လုပ်ဆောင်ရန်အချက်များနှင့် ငလျင်လှုပ်နေစဉ်အတွင်း ကြောက်လန့်တကြားမဖြစ်ရန်၊ အဆောက်အအုံတစ်ခု (သို့မဟုတ်) အိမ်အတွင်း၌ရှိနေပါက အပြင်သို့ထွက်ရန် မကြိုးစားသင့်ကြောင်း၊ စားပွဲအောက်၌နေခြင်း၊ ပုန်းခို၍ရသောနေရာ၌ နေခြင်းတို့ဖြင့် မိမိကိုယ်ကိုကာကွယ်ရန်၊ အဆောက်အအုံပြင်ပ၌ ရှိနေပါက နေမြဲအတိုင်းနေရန်၊ ဓာတ်ကြိုးဓာက်တိုင်များ လဲကျခြင်း၊ သစ်ပင်များ၊ အုတ်နံရံများ ပြိုလဲကျမည့်နေရာမှ လွတ်ကင်းအောင်နေရန်၊ ဓာတ်လှေကားမစီးရန်၊ လိုအပ်ပါက ရိုးရိုးလှေကားကိုသာ အသုံးပြုရန်၊ တံတားများပေါ်၌ ယာဉ်မောင်းခြင်းများမပြုရန်၊ ပြတင်းပေါက်များ၊ ဝရန်တာများအနီးတွင် မနေရန်၊ ခုန်မချရန်နှင့် ငလျင်လှုပ်ပြီးသောအခါ ဆောင်ရန်၊ ရှောင်ရန်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ရှင်းလင်းပြောကြားပြီးနောက် သဘာဝငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)