ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းသင်တန်း ဖွင့်လှစ်

ရေး ဇူလိုင် ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရေးခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းသည်  မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးအတွက် သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမှုအပေါ် သေချာစွာလေ့လာမှတ်သား၍ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကာလ လက်တွေ့အသုံးပြုရာ၌ အမှားအယွင်းကင်းရှင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း   အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုလတ်က မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

ရေးမြို့နယ်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ဇူလိုင် ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ ၃၈၄ ဦးတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)