စဉ့်ကိုင် ဇူလိုင် ၂၂
နိုင်ငံတော်မှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးတို့ကို အဓိကထားဆောင်ရွက်ပေးလျက်ရှိပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းနိုင်ရေး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောမကျေးရွာအုပ်စု၊ ပင်းချားကျေးရွာ ကွင်းအမှတ်-(၁၁၁)၊ ဦးပိုင်အမှတ်-(၃၀/၂)၊ စိုက်ဧက (၅)ဧကရှိသည့် တောင်သူဦးမျိုးဝင်းသန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး ကောက်စိုက်စက်ကို အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် စပါးမျိုးသက်သာပြီး သီးနှံအထွက်တိုးစေခြင်း၊ လယ်ယာလုပ်သားရှားပါးမှု ပြဿနာဖြေရှင်းနိုင်ခြင်း၊ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်ပိုမိုရရှိစေခြင်း၊ စက်တစ်စီး၏ တစ်ရက် စိုက်ပျိုးပြီးစီးမှုမှာ (၅)ဧကခန့် ဖြစ်သည့်အတွက် အချိန်ကုန်သက်သာစေခြင်း၊ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ခြင်း ပျိုးခင်းနေရာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးသက်နုနုဖြင့်ဆောင်ရွက်နိုင်ခြင်း၊ အပင်ပွားအရေအတွက်များများရရှိခြင်း၊ ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်စက်ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။ ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ဦးဆောင်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသ ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ၊ အင်းကုန်း၊ ကျောက်ဆည်မြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးကျော်နှင့် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲကျော်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်နှင့်ဝန်ထမ်းများ၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)