မိုင်းယောင်း ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါစာအုပ်မှ လိမ္မာရေးခြားဆိုစကားအကြောင်းကို ဦးဆောင်ဖတ်ကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ မောင်ရှာမွေလှက စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါစာအုပ်မှ လူငယ်နှင့်သည်းခံမှုအကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က ဖတ်ဖို့ကျင့်ဖို့အကြောင်းကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ စိုင်းဘွန်းမားက ကံဆိုးတိုင်း မိုးမမှောင်ပါအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က စာတတ်ဖို့ စာဖတ်ဖို့အကြောင်းကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ နန်းအင်ခမ်းက ပေးတဲ့ဆုနဲ့ ပြည့်ပါစေအကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဖတ်ကြားသူများ၊ စာဖတ်ဝိုင်းတက်ရောက်သူများက ဖတ်ကြားသည့်အကြောင်းအရာနှင့် အတွေးအမြင်များများ၊ စာကြည့်တိုက်၊ စာအုပ်စာပေနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
စိုင်းအောင်ဇော်လင်း