မြစ်ကြီးနား ဇူလိုင် ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒေသတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအပြင် တောင်သူများ စိုက်ပျိုးထွန်ယက်ရာတွင် စက်သုံးဆီအပါအဝင် စိုက်ပျိုးစရိတ်သက်သာစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယနေ့နံနက်(၉)နာရီက မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း တောင်သူများနှင့်တွေ့ဆုံပြီး စက်သုံးဆီ(ဒီဇယ်)အား ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ရှေးဦးစွာ အဆိုပါရပ်ကွက်အတွင်း ရထိုက်တန်ဆီဆိုင်၌ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် လက်ရှိလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်လျက်ရှိသည့်အပြင် စိုက်ပျိုးရေးသွင်းအားစုများ အပြည့်အဝတင်သွင်းနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့ရာတွင် မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တောင်သူများ အဆိုပါအခက်အခဲများ လျော့နည်းသက်သာစေရေး ယနေ့စက်သုံးဆီကို ဒေသပေါက်ဈေးထက် ဒီဇယ်တစ်လီတာလျှင် ၃၀၀၀ ကျပ်နီးပါးခန့် လျော့နည်းသက်သာစေမည့် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးဖြစ်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများကို စိတ်ကြိုထွန်ယက်ပြုပြင်ပြီး စိုက်ပျိုးနိုင်မည်ဖြစ်သည့်အပြင် ဓာတ်မြေသြဇာအပါအဝင် သွင်းအားစုများကိုလည်း အပြည့်အဝထည့်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများကိုယ်စား စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စက်သုံးဆီကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲခွင့်ရသည့်အတွက် ကျေးဇူးအထူးပင် တင်ရှိပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရထိုက်တန် ဆီဆိုင်၌ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဝိုင်းဝန်းကူညီကြီးကြပ်ပေးမှုဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ တောင်သူများအတွက် ပြည်နယ်စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းဖြစ်သည့် ဒီဇယ်တစ်လီတာလျှင်ငွေကျပ် (၅၂၀၀)ကျော်ဖြင့် လယ်တစ်ဧကလျှင် ၄ ဂါလံနှုန်း ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းရာတွင် တောင်သူများ စိုက်ပျိုးချိန်မီ စက်သုံးဆီသက်သာစွာ ဝယ်ယူရရှိရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ပူတာအိုခရိုင်အတွင်း ဇွန်လ ၈ ရက်နေ့က ဒေသခံတောင်သူများအတွက် ရောင်းချပေးနိုင်ခဲ့ပြီး ယနေ့မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ တောင်သူများအတွက် ရောင်းချပေးခြင်းဖြစ်ကာ စက်သုံးဆီအပြင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအိတ်များကိုလည်း ဈေးနှုန်းသက်သာစွာ ဝယ်ယူဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ခရမ်းကျောင်းတိုက်၌ တိုင်းလိုင်ရှမ်းမျိုးနွယ်စုများ၏ စတုတ္ထအကြိမ်စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်အားပေးခဲ့ကြပြီး ကျောင်းထိုင်ဆရာတော်ထံ အလှူငွေများကို ဆက်ကပ်လှူဒါန်းကာ တိုင်းလိုင်ရှမ်းမျိုးနွယ်စုများ၏ တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ် ကျောက်ချင့်မြို့တို့အကြား ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နည်းလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးအတွက် စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နှင့် ကွမ်တုံပြည်နယ် ကျောက်ချင့်မြို့တို့ကို ညီအစ်မမြို့တော်(Sister City) တည်ထောင်လိုကြောင်း ချစ်ကြည်ရေးခရီးစဉ်များတွင် အဆိုပြုဆွေးနွေးခဲ့ကြပြီး ယခုနားလည်မှုစာချွန်လွှာပေးပို့ခြင်းသည် ပထမအဆင့် ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် ညီအစ်မမြို့တော် တည်ထောင်ပြီး မြို့အချင်းချင်းအကြား စီးပွားရေး၊ ကုန်သွယ်ရေးခရီးသွားလာရေးစသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ခြင်းမှ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ညီအစ်မမြို့တော် တည်ထောင်ရေးအတွက် ကနဦး ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရေး ဖြစ်မြောက် အောင်အားလုံးက အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် နားလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပူးပေါင်းဆောင်ရွက်စေလိုသည့် လုပ်ငန်းများအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ညွှန်ကြားချက်များနှင့် ကျောက်ချင့်မြို့ နိုင်ငံခြားရေးရုံးက အဆိုပြုလာသည့်စာများကို ရှင်းလင်းတင်ပြပြီး စစ်စစ်ရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက အပြန်အလှန်ကူးလူးသွားလာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် နည်းလည်မှုစာချွန်လွှာ(မူကြမ်း)ပါ အချက်အလက်များနှင့် မြစ်ကြီးနားတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာပြန်ဆိုထားမှုတို့ကို အချက်အလက်/ စာပိုဒ်တစ်ခုခြင်းအလိုက် ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက စာချွန်လွှာပါ အချက်အလက်များ ဖြည့်စွက်/ ပြုပြင်နိုင်ရေး သုံးသပ်အကြုံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်/ ပြင်ဆင်ဆောင်ရွက်ရမည့် အချက်အလက်/ အသုံးအနှုန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မြစ်ကြီးနားမြို့နှင့် ကျောက်ချင့်မြို့တို့အကြား ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း)တွင် နှစ်ဖက်တန်းတူညီမျှမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် တူညီသောအကျိုးရရှိမှုများကို အခြေခံ၍ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်တည်ဆောက်ရာတွင် နှစ်ဦးနှစ်ဖက်အလေးထားသော ကဏ္ဍများအပေါ် ပူးပေါင်းဆောင် ရွက်ရေးနှင့် ဖလှယ်ရေးတို့အတွက် အခွင့်အလမ်းများရှာဖွေရန်နှင့် နှစ်ပေါင်းရှည်ကြာစွာ ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ စီးပွားရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ အားကစားနှင့် ကျန်းမာရေးနယ်ပယ်ကဏ္ဍများတွင် ညှိနှိုင်းသဘောတူညီဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)