ပြင်ဦးလွင် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက “လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “နိုင်ငံလှဖို့ စာဖတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မေးမြန်းချက်များ ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ ကျောင်းသူများအား နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)