မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဆက်လက်ပို့ချ

မြစ်သား ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ယနေ့ (၈) ကြိမ်မြောက်သင်တန်းကို ဇူလိုင် (၁) ရက်မှ ဇူလိုင် (၂၆) ရက်နေ့အထိ နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်အထိ ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရား မဟာအတုလဝေယံဘုံမ်မြင့်အတွင်း၌ သင်တန်းဆက်လက် ပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်တန်းကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဥ်မွန်ဖိုးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊  မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံနှင့် မဲရုံခင်းကျင်းမှု ပုံစံအတိုင်း လက်တွေ့လေ့ကျင့် စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ  မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ခင်မိုးမိုးက မြန်မာ့အီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍  ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုခြင်း၊ အီလက်ထရောနစ်မဲပေးစက် Installation ပြုလုပ်ခြင်း၊ MEVM စက်တည်ဆောက်ပုံစစ်ဆေးခြင်း၊  ကြိုတင်ပြင်ဆင် စမ်းသပ်ခြင်းများ၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အသုံးပြုရမည့်ပုံစံများ ရှင်းလင်းခြင်း ပြောကြားခဲ့သည်။

မြစ်သားမြို့နယ် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို (၁) ကြိမ် (၆၆) ဦးဖြင့် သင်ကြားပြီး (၁၀) ကြိမ်၊ (၆၂၆)ဦး၊ သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်း စသည့် လုပ်ငန်းစဉ်များအား ပို့ချကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)