အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ပို့ချ

အမရပူရ ဇူလိူင် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးလုပ်ဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲနှင့် အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်း၍ ပျားမွေးမြူ ရေး ပြည်သူပညာပေးသင်တန်းကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ သတ္တဗေဒဌာန လက်တွေ့စာသင်ခန်းများတွင် သင်ကြားပို့ချခဲ့သည်။

ရှေးဦးစွာ သတ္တဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမိမိခိုင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးလုပ်ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးမောင်တင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ “သတ္တဗေဒဌာနရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စာတွေ့၊ လက်တွေ့ စမ်းသပ်မှုပညာရပ်များအကြောင်း ကျွမ်းကျင်နှံ့စပ်စွာ သိရှိစေရန်၊ အသိပညာ အတတ်ပညာပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ဒေသအသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများကို ပျားမွေးမြူရေးဌာနက ပျားဖြင့် ဝတ်မှုန်ကူးပေးခြင်းကြောင့် စိုက်ပျိုးသီးနှံများ ပိုမိုအထွက်တိုးသည်ကို သိရှိစေရန်၊ ပျားရည်နှင့်ပျားထွက်ပစ္စည်းများအကြောင်း သိရှိစေရန်၊ ပျားမွေးမြူရေးနည်းစနစ်များနှင့် မွေးမြူပုံအဆင့်ဆင့်တို့ကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းပို့ချရခြင်း ဖြစ်ပါကြောင်း၊ ပျားမွေးမြူရေးဌာနခွဲအနေဖြင့် ပျားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မျိုးကောင်း၊ မျိုးသန့် မိတ်အောင်ပျားဘုရင်များ ဖြန့်ဝေပေးခြင်း၊ ပျားရောဂါ ကာကွယ်/ ကုသခြင်းနှင့် ခေတ်မီပျားမွေးမြူရေးအတတ်ပညာများကို ဖြန့်ဝေပေးခြင်း၊ ပျားရည်များကို ပြည်ပသို့တင်ပို့ရန်အတွက် အရည်အသွေးစစ်ဆေးပြီး ထောက်ခံချက်များ ထုတ်ပေးခြင်း၊ သုတေသနလုပ်ငန်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်ဆိုတာကို သိစေချင်ပါတယ်။

ဒီနေ့ဖွင့်တဲ့ သင်တန်းကတော့ ကျောင်းသား၊ ကျောင်းသူတွေကို ပျားမွေးမြူရေးပညာပေး သင်တန်းဖြစ်ပါကြောင်း။ ဒီသင်တန်းမှာ ပျားတို့၏ဇီဝဗေဒ၊ ပျားအုံများ ထိန်းသိမ်းနည်း၊ ပျားတို့၏ရုက္ခဗေဒ၊ ပျားရောဂါကာကွယ်/ကုသနည်းများ၊ ပျားဖြင့် ဝတ်မှုန်ကူးခြင်းနှင့် ပျားရည်နှင့်ပျားထွက်ပစ္စည်းများအကြောင်းကို စာတွေ့၊ လက်တွေ့ ပို့ချပေးသွားမှာ ဖြစ်ပါကြောင်း၊ အထူးသဖြင့် အနာဂတ်ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို The Economical and Economic Benefits of Bees နဲ့ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါကြောင်း။ ဒီနေ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ စိုက်ပျိုးရေးပိုးသတ်ဆေးတွေ အလွန်အကျွံသုံးစွဲမှု၊ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပျားကောင်ရေ လျော့နည်းလာပြီး သဘာဝ သစ်တောတွေမှာ အမျိုးမျိုးသော သစ်ပင်တွေကို ဝတ်မှုန်ကူးပေးနိုင်မှု အားနည်းပြီး မျိုးပွားပေးနိုင်မှု လျော့နည်းလာတာကိုတွေ့ရပြီး ဂေဟစနစ်ပျက်စီးလာခြင်း၊ သီးနှံအထွက်တိုးမှု လျော့နည်းလာပြီး သီးနှံထုတ်လုပ်မှု လျော့ကျလာခြင်းတွေကို တွေ့နေရတယ်ဆိုတာရယ်၊ သီးနှံအထွက်တိုးဖို့ ဝတ်မှုန်ကူးပေးရန်အတွက် ပျားတွေ လိုအပ်ချက်ရှိနေတယ်ဆိုတာကို အထူးသိစေချင်ပါတယ်” ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါမူမူခိုင်က “ပျားမွေးမြူ ရေး ဝေါဟာရများအကြောင်း”၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၊ စဥ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးသိန်းကိုက “လက်တွေ့ကွင်းပိုင်ဆိုင်ရာ ပျားမွေးမြူရေးအကြောင်း”၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပုသိမ်ကြီးမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဋ္ဌေးအောင်က “ပျားတို့၏အရောင်အဆင်း၊ အနံ့အရသာအကြောင်း”၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပြင်ဦးလွင်မြို့နယ်တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးမင်းသန်းဦးက“ပျားတို့တွင် ကျရောက်တတ်သော ပျားရောဂါများနှင့် ကာကွယ်/ကုသနည်းများအကြောင်း”၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဦးဇော်မင်းထွန်းက “ပျားများ၏ သွင်ပြင်လက္ခဏာအကြောင်း” စသည့် ပညာရပ်များကို ဇူလိုင်လ ၂၁ ရက်မှ ၂၂ ရက်အထိ စာတွေ့လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)