သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

သာကေတ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ၁/အနော်မာရပ်ကွက်၊ ၄/တောင်ရပ်ကွက်၊ ၁ဝ/တောင်ရပ်ကွက်များသို့ အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စုရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်​ပြည်သူ့ကျန်းမာရေးမှ TMO နှင့် ဝန်ထမ်းများ ဦးဆောင်၍ ပထမနေ့အဖြစ် ၁/အနော်မာရပ်ကွက်၊ ၄/တောင်ရပ်ကွက်နှင့် ၁၀/တောင်ရပ်ကွက်များသို့ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ဆောင်ရွက်ရာ အဖွဲ့(၁)ဖွဲ့လျှင် ကျန်းမာရေးဦးစီးဌာနမှ (၁၀)ဦး၊ မီးသတ်ဦးစီးဌာနမှ (၃)ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ (၃)ဦး၊ မြို့နယ်/ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် (၅)ဦး၊ မြို့နယ်လူမှုကူညီရေးအသင်းမှ (၁၀)ဦး၊ ရပ်ကွက်ရာ/ ဆယ်အိမ်မှူး (၁၅) ဦးနှုန်း၊ အဖွဲ့(၁)ဖွဲ့လျှင် (၄၆)ဦးနှုန်းဖြင့် စုစုပေါင်း(၁၃၈)ဦးတို့သည် တာဝန်ကျရာရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၇ ရက်နေ့အထိ သတ်မှတ်ရက်များတွင် သတ်မှတ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သဲထက်ဇင် (ပြန်/ဆက်)