ပင်လောင်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ပင်လောင်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပါတီစုံအ‌ထွေထွေရွေးကောက်ပွဲမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးစိုင်းမှိုင်ခမ်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုရသည့် ရည်ရွယ်ချက်များနှင့်  မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား ကြည့်ရှုပြီး၊ စမ်းသပ်မဲပေးခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် မွန်းလွဲ ၁ နာရီအချိန်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဆက်လက်ပို့ချရာ သင်တန်းတွင် ထိန်းချုပ်စက်ကိုင်တွယ်သူများအတွက် လုပ်ငန်းစဉ်များဖြစ်သည့် မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲရက်မတိုင်ခင် မဲရုံ၌ဆောင်ရွက်ရမည့်အချက်များ၊ မဲရုံဖွင့်ချိန်၊ မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရမည့်အချက်များကို လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသားစုစုပေါင်း(၁၀၂၂)ဦးရှိရာ သင်တန်းကို ကျေးရွာမဲရုံနေရာဒေသ အုပ်စုအလိုက်သင်တန်း(၂၁)ကြိမ် ခွဲဖွင့်သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့ထိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုပုံအဆင်ဆင့်အား လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)