သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းဘောင်အစိတ်အပိုင်းများအား မြှင့်တင်ပေးသွားမည်ဖြစ်

ကျောက်ဆည် ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာနှစ်အလိုက် ဆည်၊ မြောင်းများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းဘောင်အစိတ်အပိုင်းများအား မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထုံးကြီးမြောင်းသည် တူးဖော်ခြင်းမရှိသည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်၍ တူးမြောင်းအတွင်း ခြုံနွယ်များ ပေါက်ရောက်၍ သဲနုန်းပို့ချခြင်းများကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိဖြစ်ကာ မြောင်းဆုံးမြောင်းဖျားများရှိ သီးနှံစိုက်ခင်းများ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများပေးဝေနိုင်ရေး၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၂၃)သန်း အကုန်အကျခံပြီး လေးဆယ်ကုန်းကျေးရွာအနီးရှိ မြောင်း၏ပေတိုင်အမှတ် (၂၀၀၀၀)ပေနှင့်(၂၈၀၀၀)ပေ အတွင်းရှိ နိမ့်ကျနေသည့်မြောင်းဘောင်အား (၄)ပေအထိ မြှင့်တင်ပေးပြီး မြောင်းအကျယ်(၁၀)ပေနှင့် အလျား(၈၀၀၀)ပေအထိ သဲနုန်းတူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောင်းဘောင်မြှင့်တင်ခြင်း၊ သဲနုန်းတူးဖော်ပေးခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပါက မြောင်း အသုံးပြုသူ ပြည်သူများ၏ သွားလာရေးနှင့် စိုက်ပျိုးရေပေးဝေနေသည့် သီးနှံမျိုးစုံ (၃၀၀၅)ဧကအတွက် စိုက်ပျိုးရေများအား ရေစီးရေလာကောင်းမွန်စွာဖြင့် ပြည့်ဝစွာပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)