အမြို့မြို့အနယ်နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် Unique ID ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်    ဇူလိုင်  ၂၁

မြန်မာနိုင်ငံတစ်ဝန်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများကို အနယ်နယ် အရပ်ရပ်ရှိ သက်ဆိုင်ရာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်များတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာတွင် ခေတ်မီနည်းပညာ အသုံးပြုစိစစ်ဆောင်ရွက်နိုင်ရန်အတွက် Centralized e-Pension စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ UID နံပါတ် မရရှိသေးသည့် အငြိမ်းစားဝန်ထမ်းများအား UID နံပါတ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်သည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များ၊ မြို့နယ်ဆေးရုံများတွင် စစ်ဆေးကုသ ဆောင်ရွက်ပေးလျက်ရှိသည်။

သဲကုန်းမြို့

သဲကုန်းမြို့နယ်တွင်  မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား   (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိ  ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား လူပုဂ္ဂိုလ် မှန်ကန်မှုရှိစေရန်နှင့် Centralized e-Pension စနစ်နှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်နိုင်ရေးအတွက် သဲကုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြိုနယ်ဦးစီးမှူး ဦးစောငြိမ်းသောင်းနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဇူလိုင်လ၂၁ ရက်နေ့မှ  ၃၁ ရက်နေ့အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ညောင်လေးပင်

ညောင်လေးပင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူ သူများအား စနစ်တကျရှိစေရန်နေရာများ စီစဉ်ထားပြီး လက်ဆေးဘေလ်စင်များထားရှိ ဆောင်ရွက်ပေးထားသည်။ ပင်စင်ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရွှေတောင်

ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သက်မှတ်ထားသောရုံးပိတ်ရက်များမှအပ ကျန်ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိပြီး ရွှေတောင်မြို့နယ်တွင် မြို့ပြပင်စင် (၉၁၀)  ဦး၊ ကာကွယ်ရေးပင်စင် (၈၅၆) ဦး၊ နိုင်ငံရေးပင်စင် (၇၅) ဦး၊ဘဏ်ပင်စင် (၁၇) ဦး စုစုပေါင်း (၁၈၅၈) ဦးရှိကြောင်းသိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရွှေတောင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်မှ ဦးဆောင်၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန်အတွက် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း

ဖြူး

ဖြူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့ နံနက် ၆ နာရီတွင် စတင်ထုတ်ပေးလျက်ရှိပြီး မြို့နယ်အတွင်း ပင်စင်လစာ ထုတ်ယူသူ အငြိမ်းစာနိုင်ငံ့ဝန်ထမ်း ၂၃၀၀ ခန့်ရှိကြောင်းနှင့် ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများ အနေဖြင့် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

နေမျိုးလွင်

ပေါင်းတည်

ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်မှစ၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ပင်စင်လစာများ ထုတ်ယူရာတွင် လျင်မြန်လွယ်ကူစေရန် အတွက် UID နံပါတ် ကတ်ပြားများဖြင့် စတင်အသုံးပြု ထုတ်ပေးလျက်ရှိပြီး UID နံပါတ် မရရှိသေးသူ များကိုလည်း ရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား

မြောက်ဥက္ကလာပ

မြောက်ဥက္ကလာပမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့၀န်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ ငွေများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိရာ မြို့နယ်အတွင်း အငြိမ်းစားဦးရေ ၁၉၆၀၁  ဦးရှိကြောင်း သိရသည်။ အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် သက်ဆိုင်ရာ အုပ်စုအလိုက် ရက်များသတ်မှတ် ထုတ်ပေးလျက်ရှိ ပြီး လူစုလူဝေး မဖြစ်စေရန်အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ဆောင်ရွက်ထားရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်

သက်လွင်စိုး

ပေါက်ခေါင်း

ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီထိ ထုတ်ပေးလျက်ရှိသည်။ မြို့ပြပင်စင်၊ ကာကွယ်ရေးပင်စင် ဟူ၍ရှိပြီး မြန်မာ့စီးရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။ အလားတူ အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများကလည်း ပြည်သူ့ဆေးရုံတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်

မိုးညို

မိုးညိုမြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာငွေများကို လစဥ် (၂၁) ရက်နေ့၌ စတင်ထုတ်‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဇူလိုင်လအတွက် ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိပြီး မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၂၀၁) ရှိကြောင်း၊ ပင်စင်လစာငွေများကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပင်စင်လစာငွေ လာရောက်မထုတ်ယူနိုင်သေးသူများကိုလည်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကိုမင်း

သုံးခွ

သုံးခွမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း( ၁၂၃၆) ဦးရှိပြီး အငြိမ်းစားဝန်ထမ်းများအတွက်  ပင်စင်လစာများကို လစဥ် ၂၁ရက်နေ့မှစတင်၍ လကုန်အထိ ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ ယနေ့တွင် (၃၂၀) ဦးအားထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော အငြိမ်းစားဝန်ထမ်းများအား ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှသိရသည်။

စည်သူလင်း