အင်းစိန် ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြည်သူလူထုနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့ ဇူလိုင်လ (၂၀) ရက်နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက်တွင် ပြည်သူလူထုနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင်လည်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒာဝင်း ဦးဆောင်သောအဖွဲ့သည် အင်းစိန်မြို့နယ် ကြိုကုန်းအရှေ့ရပ်ကွက်နှင့် ကမ်းနားအနောက်ရပ်ကွက်တို့အား သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့် ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ မြို့နယ်ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ရပ်ကျေးအဖွဲ့ဝင်များ စုစုပေါင်း(၁၂၀)ဦးတို့သည် တာဝန်ကျရာရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွနိးလင်းကျော် (ပြန်/ဆက်)