MEVM(မြန်မာအီလက်ထရောနစ်မဲပေးစက်)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရွာငံ ဇူလိုင် ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရွာငံမြို့နယ်ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးသိန်းဆိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဒေါ်ဇူဇူပိုင်ဝင်းမှ MEVM (မြန်မာအီလက်ထရောနစ် မဲပေးစက်) ကိုင်တွယ်အသုံးပြုခြင်း လုပ်ငန်းစဥ်များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင်အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့် နေ့မတိုင်မီ အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်​ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် သတ်မှတ်ထား​သော နေရာများတွင် နေရာယူခြင်းနှင့် မဲပေးနိုင်ရန် မဲစက်များဖွင့်ခြင်း၊ ဆန္ဒမဲပေးနေစဉ်တွင် အရန်စက်​ဖြင့် လဲလှည်ရသည့် အ​ခြေအနေမျိုးအတွက် လမ်းညွှန်​ခြင်း၊ မဲရေတွက်ခြင်း၊ မဲပေးနေစဥ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးချက်ဖော်ပြသည့် စက်တွင်ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများကိုရေတွက်ခြင်းစသည့်​ ခေါင်းစဥ်များဖြင့် သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား (၆၀)ဦးဖြင့် လျာထားပြီး MEVM မဲပေးစက်စုစုပေါင်း(၁၀)လုံးဖြစ်ပြီး သင်တန်းသားများအား(၆)ဦးလျှင် မဲပေးစက်တစ်စုံ တစ်အုပ်စုနှုန်းဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက (MEVM) မြန်မာအီလက်တရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုပုံကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ပြည့်ဖြိုးသန့်