ကျိုင်းတုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇူလိုင် ၂၁ ရက်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သန်လွင်ခန်းမတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ကျိုင်းတုံခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်ဖြင့် အသုံးပြု၍ မဲပေးရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့် သင်တန်းသား၊ သင်တန်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးဆောင်ရွက်ကြသည်။ အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅၅ ဦး တက်ရောက်မည်ဖြစ်ပြီး ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ၁၅ ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)