ပင်းတယ ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ယနေ့နံနက် ၈ နာရီခွဲက MEVM(မြန်မာအီလက်ထရောနစ်မဲပေးစက်) ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့် MEVM မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် အီလက်ထရောနစ်မဲပေးစက် (Electronic Voting Machine) ကိုအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လက်ရှိပါကြောင်း၊ ကမ္ဘာပေါ်တွင် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံတို့တွင် မဲပေးစက်(EVMs)များအပါအဝင် E-Voting စနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိကြတာကိုသိရပြီး၊ မဲပေးစက်အသုံးပြုခြင်းဖြင့်ရရှိလာမယ့် အကျိုးကျေးဇူးများနှင့် သင်တန်းတက်ရောက်ထမ်းဆောင်ကြမဲ့ မဲရုံမှူး၊ ဒုမဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ကြမဲ့ ပညာရေးဆရာ/ဆရာမများအနေနဲ့ သင်တန်းကပို့ချမှုများကို စနစ်တကျလေ့လာမှတ်သားသင်ယူကြစေလိုကြောင်းစသည်ဖြင့် တိုက်တွန်းပြောကြားပေးသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူးမှ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးခဲ့ကြောင်း သိရသည်။ ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသူများက MEVM(မြန်မာအီလက်ထရောနစ်မဲပေးစက်)ကို အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးရုံး၌ MEVM(မြန်မာအီလက်ထရောနစ်မဲပေးစက်) ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းပို့ချနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ဇူလိုင်လ ၂၁ ရက်နေ့တွင် တစ်ပြိုင်တည်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတစ်ကြိမ်လျှင် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၆၀ ဦးဖြင့် စုစုပေါင်း ၆ ကြိမ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)