နမ့်စန်(တ) ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇူလိုင်လ ၁၁ ရက်မှစတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များကို မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
နေ့လယ် ၁ နာရီချိန်တွင် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အ.ထ.က-ခွဲ(၅ရပ်ကွက်)အသင်းနှင့် အ.ထ.က-ခွဲ(မြို့ဦး)ကျောင်းအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ(မြို့ဦး)အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဆက်လက်၍ ညနေ ၃ နာရီတွင် ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယပွဲအဖြစ် အ.ထ.က-ခွဲ(လွယ်ယင်း)အသင်းနှင့် အ.ထ.က-ခွဲ(လွိုင်ငင်းကြီး)အသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ (လွိုင်ငင်းကြီး) အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။
ဗိုလ်လုပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း၌ မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
သူရအောင်(နမ့်စန်)