တာချီလိတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

တာချီလိတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုဇော်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်း၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် တပ်ဆင်နေရာချထားခြင်း၊ မဲပေးပုံမဲပေးနည်းစနစ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် တာချီလိတ်တပ်နယ်မှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများက  မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။

အဆိုပါသင်တန်းတွင် အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင်မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်အသုံးပြုခြင်းနှင့် အရန်စက်လဲလှယ်အသုံးပြုမှုအခြေအနေများ၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများစသည့်အကြောင်းအရာများကို သင်တန်းသား၊ သင်တန်းသူ ၉၇၁ ဦးအား ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)